Tuesday 3 May 2011

အာရှတိုက်၌ ဗုဒ္ဓသာသနာ ပြန့်ပွားပုံ


အာရှတိုက်၌ ဗုဒ္ဓသာသနာ ပြန့်ပွားပုံ

ဗုဒ္ဓ၀ါဒသည် အိန္ဒိယပြည်၌ တစ်စ တစ်စ မှေးမှိန်ကွယ်ပျောက်ပြီးနောက် အာရှတိုက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ ပြန့်သွား၏ ၊ ထိုသို့ ပြန့်ပွားခြင်းမှာ ပဓာနအားဖြင့် အိန္ဒိယနှင့် ဒေသခံ ဗုဒ္ဓသာသနာပြု ရဟန်းတော်တို့၏ ကြိုးပမ်း အားထုတ်မှုကြောင့်ဖြစ်၏ ။ ပင်လယ်ရပ်ခြား တိုင်းတပါး၌
ဗုဒ္ဓ၀ါဒသည် ပတ်ဝန်းကျင်နှင့် ခေတ်ကာလ အမျိုးမျိုးတို့ကို ဖြတ်သန်းခဲ့ရသော်လည်း သွေးထက်သံယိုဖြစ်မှု လုံးဝမရှိဘဲ အောင်မြင်ခြင်းသည် ဗုဒ္ဓသာသနာ သမိုင်း၏ ထူးခြားသော လက္ခဏာဖြစ်၏ ၊
ဤအချက် ရှေးဗုဒ္ဓ၀ါဒ သမိုင်းကို အခြားကမ္ဘာ ဘာသာဝါဒ သမိုင်းများနှင့် နှိုင်းယှဉ်လေ့လာပါက ပိုမိုထင်ရှားပေမည်။

ဗုဒ္ဓ၀ါဒီတို့သည် ဓားလက်နက်ဖြင့် သာသနာပြုခြင်း ၊ဘာသာမတူသောသူတို့အား ဖိနှိပ်ခြင်း ဘာသုရေး စစ်ပွဲများ ဆင်နွှဲခြင်းစသော ကမ္ဘာ့သမိုင်း တစ်လျှောက်၌ ဘာသာတရားကို ခုတုံးလုပ်၍ လူတို့ ကျူးလွန်ခဲ့ကြသည့် ပြစ်မှုများမှ ကင်းလွတ်ခဲ့ကြပေသည်။
သီရိလင်္ကာ

သီဟိုကျွန်းသို့ ဗုဒ္ဓသာသာနာ ရောက်လာပုံသည် သီဟိုဠ်သားတို့၏ ဒီပ၀င် မဟာဝင်ကျမ်းများ၌ အကျယ်လာ၏၊ ဤကျမ်းများကို ဗုဒ္ဓ၀ါဒသမိုင်း လေ့လာသော ပညာရှင်တို့ မှီးငြမ်းပြုကြရ၏၊ ယခုခေတ် သုတေသီဆရာတို့ သံသယ၀င်သော သီဟိုဠ်သာသနာ့ အမွေခံ ပစ္စည်းမှာ စွယ်တော်ဖြစ်၏၊ စွယ်တော်သည် လေးရာစုအတွင်းက အိန္ဒိယပြည်မှ ရောက်လာ၍ ပေါ်တူဂီတို့နှင့် ကျေးကုလားများ၏ ရန်ကြောင့် တိုင်းပြည်မငြိမ်မသက် ဖြစ်သောအခါ အမြို့မြို့သို့ ယူဆောင်၍ ၀ှက်ထားကြ၏၊ ၁၅၆၀ ခုပြည့်နှစ်၌ ပေါ်တူဂီတို့က စွယ်တော်ကို ရရှိ၍ ဂိုအာမြို့၌ ဖျက်ဆီးပစ်လိုက်ကြ၏၊ သို့ရာတွင် စွယ်တော်မှာ ကန္နီမြို့သို့ ပြန်လည်ရောက်ရှိ၍ ပေါ်တူဂီတို့ ဖျက်ဆီးပစ်သော စွယ်တော်သည် အတုဖြစ်သည်ဟု ယုံကြည်ကြ၏ ၊
မည်သို့ဖြစ်စေ ယခုကန္နီမြို့ ရှိစွယ်တော်မှာ နှစ်လက်မခန့် ရှည်၍ လူပုဂ္ဂိုလ်တစ်ဦး၏ သွားဖြစ်သည်ဟု ယုံကြည်ရန် ခဲယဉ်း၏၊

စွယ်တော်ထက် များစွာအဖိုးတန်သော သီဟိုဠ်သာသနာ့ အမွေသည်ကား ဗုဒ္ဓစာပေဖြစ်၏၊ ပါဠိ ပိဋကတ်ကို ရှေးဦးလက်မွန် ပေထက်အက္ခရာတင်၍ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသော ရှေးသီဟိုဠ်ရဟန်းတို့၏ ကျေးဇူးကား ယနေ့ ထေရ၀ါဒီအပေါ်၌ ကြီးမားလှပေ၏၊ ပိဋကတ်ကို သီဟိုဠ်သားတို့က မိမိတို့အလိုကျ ပြင်ဆင်ခဲ့သည်ဆိုသော စွပ်စွဲချက်မှာ အခြေအမြစ်မရှိချေ။

သီဟိုဠ်၌ ယိုးဒယား အမရပူရနှင့် ရာမညဟူ၍ ဂိုဏ်းသုံးဂိုဏ်းကွဲလျက်ရှိ၏၊ ယိုးဒယားဂိုဏ်းသည် အင်အားတောင့်တင်းသော အတင်ဂိုဏ်းဖြစ်၍ ဇာတ်ကြီးမြင့်သူများကိုသာ ရဟန်းပြုပေး၏၊ အမရပူရဂိုဏ်းမှာ အခြားဇာတ်ရှိသူများကို လက်ခံသော အရုံဂိုဏ်းဖြစ်၍ သာသနာရေး ကိစ္စများကို တက်တက်ကြွကြွ ဆောင်ရွက်၏၊ ရာမညဂိုဏ်းသည်ကား အင်အားသေးငယ်သော်လည်း  ၀ိနည်းသိက္ခပုဒ်များ ထိန်းသိမ်းရာ၌ တင်းကျပ်၍ သံဃာက ပစ္စည်း ဥစ္စာပိုင်ဆိုင်ခြင်းကို တားမြစ်၏၊

[ လက်ရှိကာလ ၂၀၀၉ ခုနှစ်၌ သီဟိုဠ်သံဃာ သုံးသောင်းကျော်ရှိပြီး ယိုးဒယား သို့မဟုတ် ယနေ့ခေတ်အခေါ် သျာမ သျှမ်းဂိုဏ်းမှာ ဇာတ်အမြင့် အနိမ့်ခွဲခြားချက် မရှိဘဲ ရဟန်းပြုပေးသည်ကို တွေ့ရှိရ၏၊ ယနေ့အချိန်အထိ အင်အား အကောင်းဆုံး ဂိုဏ်းအဖြစ် ရပ်တည်လျက် ရှိနေသေး၏ ၊ အများစု သီဟိုဠ်သံဃာများမှာ အကျင့်ပိုင်းဆိုင်ရာ အားနည်းသွားပြီး ဗုဒ္ဓစာပေများ လေ့လာကြရာ၌ တက္ကသိုလ် ပညာသင်စနစ်ဖြင့် လေ့လာကြပြီး သုတ္တန်များကို ဦးစားပေးလေ့လာကြ၏. ၀ိနည်းကို လေ့လာမှု ကျင့်ကြံမှု အားနည်းလာသည်ကို တွေ့ရ၏ အဘိဓမ္မာကို စိတ်ဝင်စားမှု မရှိကြချေ. ။။ (အရှင်တိက္ခဥာဏ အာဘော်]
မြန်မာနိုင်ငံ

ခရစ်နှစ် မတိုင်မှီကပင် မြန်မာနိုင်ငံသို့ အိန္ဒိယတောင်ပိုင်းနှင့် သီဟိုဠ်ကျွန်းမှ ဗုဒ္ဓဘာသာ ပြန့်ပွားလာကြောင်း သမိုင်းအထောက် အထားများရှိ၏၊ ထိုပင်လယ်ရပ်ခြားမှ ရောက်ရှိလာသော ဗုဒ္ဓ၀ါဒမှာ ထေရ၀ါဒ ဖြစ်၍ ထေရ၀ါဒ အခြေမစိုက်မှီက မြန်မာပြည် အထက်ပိုင်း၌ မဟာယာန၀ါဒ ပေါ်ထွန်းနေသည်ဟု သမိုင်းဆရာတို့ ယူဆကြ၏ ၊အနော်ရထာ မင်းလက်ထက် မတိုင်မှီ ပုဂံပြည်၌ ကြီးစိုးနေသော အရည်းကြီးတို့၏` အယူဝါဒသည် တန္တရနှင့် ရောထွေးနေသော မဟာယာန၀ါဒ ဖြစ်ဟန်ရှိ၏ ၊

မြန်မာနိုင်ငံရှိ ထေရ၀ါဒကို လေ့လာသော အိန္ဒိယ ပညာရှင်တစ်ဦး၏ အဆိုအားဖြင့် အထက်မြန်မာပြည်၌ ထေရ၀ါဒ အလျင်ရှိခဲ့သော မဟာယာနတန္တရ၏ အသွင်လက္ခဏာများသည် အချို့သော ပုဂံဘုရားများ၌ ထင်ရှားရှိ၏ ၊ အပယ်ရတနာ ဂူပြောက်ကြီး ပုထိုးသားများ ဘုရားသုံးဆူစသော ဂူပုထိုးများ၌ အ၀လောကိတ မဇ္ဇူသီရိ တာရာ ( တိဗက်နတ်သမီးဘုရားအမည် ) စသော ဘုရားထီး ဘုရားမများ ပွေ့ဖက်နေသော ရုပ်ပုံများကို တွေ့ရသည်ဟု ဆို၏။

မြန်မာလူမျိုးတို့၏ ဘာသာအယူဝါဒနှင့် ဓလေ့စရိုက်ကို လေ့လာသော အနောက်တိုင်းသားတို့က မြန်မာဗုဒ္ဓဘာသာသည် မြန်မာတို့၏ နတ်ကိုးကွယ်မှုကို ဖုံးကွယ်ရန် အသုံးပြုသော ဘာသာတရား ဖြစ်သည်ဟု ဆိုကြ၏၊ မြန်မာ ဗုဒ္ဓ၀ါဒီ အများစု၏ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒအကြောင်း အသိပညာကို စေ့ငုသေချာစွာ လေ့လာဆန်းစစ်ပါက အတော်အတန်အားနည်းချွတ်ယွင်းနေကြောင်းတွေ့ရှိရပေမည်၊ ယနေ့ မြန်မာထေရ၀ါဒီတို့ သည် မဟာယာန၀ါဒီတို့ နည်းတူ ဗုဒ္ဓတရားတော်ထက် ဗုဒ္ဓအကြောင်းအရာများ၌ ပိုမိုစိတ်ဝင်စားကြခြင်းကို ယုံမှားစရာမရှိချေ၊

ပုံစံအားဖြင့် ဗုဒ္ဓဘာသာ အကြောင်းအရင်းခံ၍ ရေးသားထားသော သမန္တစက္ခုဒီပနီကျမ်း၌ လာသည့် ပုစ္ဆာပေါင်း တစ်ရာအနက် တစ်ဝက်ကျော်မှာ ဗုဒ္ဓအကြောင်းအရာ ပုစ္ဆာများဖြစ်၏။
မည်သို့ဖြစ်စေ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟု မြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏၊ စင်စစ် ကျောင်းကန်ဘုရား စေတီပုထိုး ပေါများခြင်း ပိဋကတ်စာပေကို အာဂုံဆောင်သူများ ရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန် လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။ ဗုဒ္ဓဩ၀ါဒကို အမြဲလိုက်နာ ကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာ ထွန်းကားသည်ဟု ဆိုနိင်ကြောင်း မှတ်သားထားသင့်ပေသည်။ ။
ထိုင်းနိုင်ငံ

အထူးထင်ရှားသော သာသနာပြု ( ထိုင်း ) ဘုရင်မှာ မောင်းကွတ် (၁၈၅၁-၆၈) မင်းဖြစ်၏ ၊ ထိုမင်းသည် နန်းတက်သောအခါ ၂၆ ၀ါ ရ ရဟန်းလူထွက်ဖြစ်၍ နိုင်ငံရေး သာသနာရေး ကိစ္စများ၌ အမြော်အမြင်ရှိသော မင်းအဖြစ်ထင်ရှား၏၊ ပိဋကတ်စာပေကို လေ့လာ ဆန်းစစ်၍ ဇာတကများသည် ဘုရားဟော မဖြစ်နိုင်ဟု ဆို၏။

နိုင်ငံခြား ဘာသာဝါဒများကို လေ့လာ၍ ခရစ်ယာန် သာသနာပြုများနှင့် တရားဆွေးနွေး လေ့ရှိ၏ ၊ ဗုဒ္ဓလမ်းစဉ်ကို တိတိကျကျ လိုက်နာသော သံဃာအဖွဲ့ ဖွဲ့စည်း၍ ၀ိနည်းသိက္ခာပုဒ်ကို မလေးစားသော ရဟန်းတို့ကို အာဏာစက်ဖြင့် နှိပ်ကွပ်၏၊ ဗုဒ္ဓစာပေ ပညာရှင်တို့အား ပါဠိကို မသုံးဘဲ ထိုင်းစာဖြင့် ရိုးရိုးရှင်းရှင်း ရေးစေ၏၊

သူ၏သားတော် စူဠလွန်ကွန် (၁၈၆၈-၁၉၁၁) သည်လည်း သာသနာကို အားပေးချီးမြှင့်သော မင်းဖြစ်၏၊ ကမ္ဘောဒီးယား အက္ခရာဖြင့်ရှိသော ပိဋကတ်ကို ထိုင်းအက္ခရာဖြင့် ပုံနှိပ်၍ အနောက်နိုင်ငံ စာကြည့်တိုက်များသို့ လှူဒါန်း၏၊

ထိုင်းသံဃာသည် ရှေးဟောင်းသံဃာနှင့် ဓမ္မယုတ္တိ သံဃာဟူ၍ ဂိုဏ်းနှစ်ဂိုဏ်းရှိ၏၊ မောင်းကွတ်ဘုရင် တည်ထောင်၍ ဘုရင်အဆက်ဆက် ကိုးကွယ်သော ဓမ္မယုတ္တိဂိုဏ်းသည် ၀ိနည်းတရားကို ရိုသေလေးစား ရာ၌ထင်ရှား၏၊ ဘုရင်ခန့်ထားသော သာသနာပိုင်နှင့် သံဃာဦးစီးအဖွဲ့သည် ကျောင်းထိုင်ဆရာတော်တို့၏ အကူအညီဖြင့် သာသနာရေး ကိစ္စများကို စီမံကြီးကြပ်ရ၏ ။
ကမ္ဘောဒီးယား

ဗုဒ္ဓသာသနာသည် ငါးရာစုအတွင်းက အိန္ဒိယတိုင်းသား တို့နှင့်အတူ ရောက်လာ၍ ၆ ရာစုမှ ၁၃ ရာစုအထိ ဟိန္ဒူဘာသာနှင့်အတူ ထွန်းကားခဲ့၏၊
မူလက မဟာယာနဖြစ်၍ ဟိန္ဒူမင်းများ ဘုန်းအာဏာ ယုတ်လျော့လာသောအခါ ထိုင်းနိုင်ငံမှ ထေရ၀ါဒ ၀င်ရောက်လာ၏၊ ယခုအခါ မဟာယာန အကြွင်းအကျန်များကို ရှေးစေတီပုထိုးနှင့် ကျောက်စာများ၌သာ တွေ့ရ၍ ဟိန္ဒူဘာသာ ဓလေ့ထုံးတမ်းများမှာ ဘုရင်၏ မင်္ဂလာအခမ်းအနားများ၌သာ အနည်းငယ်ကျန်ရှိတော့၏၊

ကမ္ဘောဒီးယား သံဃာမှာ မဟာနိကာယနှင့် ဓမ္မယုတ္တိနိကာယ ဟူ၍ ဂိုဏ်းနှစ်ဂိုဏ်းရှိ၏၊ ဓမ္မယုတ္တိဂိုဏ်းသည် ထိုင်းနိုင်ငံမှ ကူးပြောင်းလာသော ရှေးဘုရင်ဂိုဏ်းဖြစ်၏၊
ဂိုဏ်းနှစ်ဂိုဏ်းမှ သာသနာပိုင် ဆရာတော်နှစ်ပါးသည် ညှိနှိုင်းတိုင်ပင်ပြီး သာသနာရေး ဥပေဒေများ ထုတ်ပြန်၍ ဘုရင်က လက်မှတ်ရေးထိုးကာ အာဏာစက်ဖြင့် ပြဋ္ဌာန်း၏၊ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် အခြားထေရ၀ါဒ နိုင်ငံများထက် သာသနာပိုမို သန့်ရှင်းစင်ကြယ်၍ ကြီးပွားတိုးတက်သည်ဟု ဆိုရပေမည်၊

ထိုသာသနာရေး ဥပဒေများအရ ကမ္ဘောဒီးယားနိုင်ငံ၌ ရှင်ရဟန်းပြုရန် မလွယ်ကူချေ၊ ရဟန်းပြုလိုသောသူသည် ၀ိနည်းပိဋကတ်၌ သတ်မှတ်ထားသော အရည်အချင်းနှင့် ပြည့်စုံ၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ကြောင်း ရပ်ရွာလူကြီးများနှင့် မြို့နယ်အရာရှိများ၏ ထောက်ခံချက်ကို သံဃာအား တင်ပြရ၏၊ ရဟန်းပြုပြီးသော အခါ သာသနာရေးဝန်ကြီးဋ္ဌာန၌ မှတ်ပုံတင်ကြ၍ မှတ်ပုံတင် ကဒ်ပြားကို အမြဲဆောင်ထားရ၏၊ ရဟန်းပြုပြီးသောအခါ သက်ဆိုင်ရာ မိဘဆွေမျိုးများက ဘ၀ရပ်တည်မှု စာပေသင်ကြားမှုနှင့် တရားအားထုတ်မှုအတွက် လှူဒါန်းထောက်ပံ့ကြရ၏၊

စင်စစ် ကမ္ဘောဒီးယား ဥပဒေများ၏ ရည်ရွယ်ချက်မှာ ရဟန်းသံဃာ၏ အရည်အချင်းကို မြှင့်တင်ရန်ဖြစ်၍ ရဟန်းဦးရေ တိုးပွားမှုကို အားပေးရန် မဟုတ်ချေ၊ သို့ဖြစ်၍ ဘုန်းကြီးကျောင်းများ ဆောက်လုပ်ခြင်းကိုပင် ကန့်သတ်ချုတ်ချယ်ထား၏၊ တကျောင်းနှင့် တကျောင်း တစ်မိုင်ခွဲကျော်ကျော် ကွာဝေးမှ ဆောက်ခွင့်ပြု၍ သူကြီးတပိုင်လျှင် ကျောင်းတကျောင်းသာရှိ၏ ကျောင်းဆောက်ရန် အစိုးရ သာသနာရေးနှင့် အုပ်ချုပ်ရေးဌာနများ၏ ခွင့်ပြုချက်ကို ရရှိဖို့လို၏ ။
လောနိုင်ငံ

လာအို ခေါ် လောနိုင်ငံကို စီအီး ၇ ရာစု ၈ ရာစုခန့်က ထေရ၀ါဒ ဗုဒ္ဓဘာသာ စတင်ရောက်ရှိပါတယ်. ရိုးရာ ယဉ်ကျေးမှုပေါ်မှာ အခြေခံထားတဲ့ လာအို ဗုဒ္ဓဘာသာကို နိုင်ငံရဲ့ လူဦးရေ ၆၅ ရာခိုင်နှုံးက ကိုးကွယ်ကြပြီး ကျန်လူအနည်းစုကတော့ တောတောင်တွေ နတ်တွေ ၀ိဥာဉ်စတာတွေကို ကိုးကွယ်ကြပါတယ်.. Animism လို့ခေါ်ဆိုပါတယ်။ ( From Wikipedia )

တရုတ်နိုင်ငံ

သက္ကရာဇ် ( ၆၅ ) ခုနှစ်၌ တရုတ်ဧကရာဇ်ဘုရင် မင်းတိ က ပင့်ဖိတ်သောကြောင့် အိန္ဒိယပြည်မှ ရဟန်းတပါးနှင့် အာရှတိုက်အလယ်ပိုင်းမှ ရဟန်းတစ်ပါးသည် မဟာယာန ပိဋကတ်စာပေနှင့်အတူ တရုတ်ပြည်သို့ ရောက်ရှိလာကြ၏ ၊
မင်းတိလက်ထက် မတိုင်မီက တရုတ်ပြည်၌ ပေါ်ထွန်းနေသော တာအိုဝါဒမှာ ဗုဒ္ဓ၀ါဒနှင့် အချို့ နေရာများ၌ အံ့ဖွယ်လိလိ တူညီနေသောကြောင့် ဗုဒ္ဓ၀ါဒသည် တာအိုစာပေ စတင်ပေါ်ထွက်သော ဘီစီလေးရာစု ခေတ်က တရုတ်ပြည်၌ ရှိနေနှင့်ပြီလောဟု စဉ်းစားဖွယ်ရှိ၏၊

သို့ရာတွင် ထိုသို့ယူဆရန် သမိုင်းအထောက်အထား မရှိချေ၊ တရုတ်ပြည်၌ ဗုဒ္ဓဘာသာနှင့် အပြိုင်အဆိုင်ဖြစ်သော ရှိနှင့်ပြီးဘာသာမှာ ကွန်ဖျူးရှပ်ဝါဒဖြစ်၏ ၊ လောကီကြီးပွားမှုကို ရှေးရှုဟောပြောသော ကွန်ဖျူးရှပ်ဆရာတို့သည် ဗုဒ္ဓသံဃာကို ပြစ်တင်ဝေဖန်၍ တစ်ခါတစ်ရံ ဗုဒ္ဓ၀ါဒသည် ဘုရင်များ၏ အမိန့်အရ နှိပ်ကွပ်ခြင်းခံရ၏ ၊
အိန္ဒိယ ဗုဒ္ဓကျမ်းစာများကို တရုတ်ဘာသာသို့ ပြန်ဆိုပြီးနောက်၌မူ ဗုဒ္ဓ၀ါဒသည် လူထုဝါဒဖြစ်လာ၍ အချို့ဘုရင်များက အားပေးချီးမြှင့်ကြ၏၊

ဝူတီ (၅၀၂-၄၉ )သည် သုံးကြိမ်တိုင် ရဟန်းပြု၍ အသားစားခြင်းကို ရှောင်ကြဉ်၏၊ သုတ္တန်တရားများ ဟောပြော၍ ဗုဒ္ဓကျမ်းတစ်စောင် ရေးသား၏၊
ကူဗလာခန် အမှူးရှိသော မွန်ဂိုဘုရင်များသည် ဗုဒ္ဓသာသနာကို ပြုစုကြ၏၊ ပီကင်းကျောင်းများ၌ ဗုဒ္ဓစာပေ လေ့လာမှုကို အားပေး၍  ကျမ်းစာအုပ်များ လှူဒါန်း၏၊
တရုတ်ပိဋကတ်သည် စာအုပ်ရေ ၁၆၆၂ အုပ်ပါဝင်၍ သုတ် ၀ိနည်း အဘိဓမ္မာ နှင့် အထွေထွေဟူ၍ အပိုင်းကြီးလေးပိုင်းခွဲထား၏ ၊

ပထမပိုင်းမှာ ဘာသာပြန်များဖြစ်၍ စတုတ္ထပိုင်းမှာ တရုတ်ပိဋကတ်ဆရာတို့ ရေးသားသော အဋ္ဌကထာနှင့် ဋီကာများဖြစ်၏၊ သုတ္တန်ပိုင်း၌ မဟာယာနသုတ် ၅၄၁၊ ထေရ၀ါဒသုတ် ၂၄၀ နှင့် မဟာယာန ထေရ၀ါဒရောပြွမ်းနေသော သုတ် ၃၀၀ ပါဝင်၏၊ စတုတ္ထ ကဏ္ဍ၌ ပါဝင်သော တရုတ်ဗုဒ္ဓကျမ်းများမှာ ဗုဒ္ဓသာသနာသမိုင်း ရှေးမထေရ်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ အိန္ဒိယပြည်ရောက် ရဟန်းများ၏ မှတ်တမ်း သက္ကတဝေါဟာရ အဘိဓာန် ဗုဒ္ဓ၀ါဒအပေါ် တာအိုနှင့် ကွန်ဖြူးရှပ်တို့၏ စွပ်စွဲချက်နှင့် ၎င်းတို့အား ချေပချက်များကို ဖော်ပြထားသော ကျမ်းစာအုပ်များဖြစ်၍ အုပ်ရေ နှစ်ရာခန့်ရှိ၏၊

တရုတ် ၀ိနည်းကျမ်းများမှာ ရှေးအိန္ဒိယ ဗုဒ္ဓ၀ါဒဂိုဏ်းငါးခုမှ ဘာသာပြန် ၀ိနည်းကျမ်း ငါးကျမ်းဖြစ်၍ ပါဠိဝိနည်းကျမ်းများနှင့် အခြေခံကွဲလွဲခြင်းမရှိချေ။ သို့ရာတွင် တရုတ်သံဃာကျင့်စဉ်၌ အရေးပါသောကျမ်းမှာ ထိုရှေးအိန္ဒိယကျမ်းများ မဟုတ်ဘဲ ရှေးအစဉ်အလာ မှီငြမ်းပြုသော တရုတ်ဝိနည်းကျမ်းနှစ်ကျမ်းဖြစ်၏၊
ပထမကျမ်းမှာ ၄၀၆ ခုနှစ်က သက္ကတကျမ်းတစ်ခုမှ ထုတ်နုတ်ပြန်ဆိုထားသည် ဆိုသော်လည်း ဗုဒ္ဓ၀ါဒီတို့အား ဖိနှိပ်သောနိုင်ငံ ဥပဒေများကို ရှုတ်ချထားခြင်း ဦးခေါင်းမီးရှို့ ၍ ဘုရားပူဇော်မှုကို ချီးကျူးခြင်းစသည်တို့ကို ထောက်ချင့်၍ တရုတ်ပြည်၌ ရေးသားသော ကျမ်းဖြစ်ဟန်ရှိ၏ ၊

ထိုကျမ်း၌ ရဟန်းတို့ မကျူးလွန်အပ်သော ပါရာဇိက အပြစ်ဆယ်ခု၊ အပြစ်ငယ် ၄၈ ခုနှင့် ကျင့်သုံးရမည့် သိက္ခာပုဒ်များကို ပြဆိုထား၏၊ ၀ိနည်းငါးကျမ်းနှင့် မတူသော အချက်တစ်ခုမှာ ပရဟိတလုပ်ငန်းကို ဆောင်ရွက်ရန် သံဃာအား ညွှန်ကြားထားခြင်းဖြစ်၏၊ ရဟန်းသည် လူမမာဒုက္ခိတများကို ပြုစုစောင့်ရှောက်ရမည်၊ တိရစ္ဆာန် သတ္တ၀ါများကို ကျွေးမွေးရမည်၊ ထိုဝတ္တရားများ ပျက်ကွက်သော ရဟန်းအား အပြစ်ရှိသည်၊ ( ၀ါ ) အာပတ်သင့်သည် ဆို၏၊

တရုတ်ရဟန်းကျောင်းသည် ဘေးပတ်လည်၌ အိပ်ခန်း ဧည့်ခန်း စာကြည့်ခန်း စသည်ရှိ၍ အလယ်ဗဟို၌ ဘုရားကျောင်းဆောင်ရှိသော စတုဂံသဏ္ဍာန် ကျောင်းတိုင်ဖြစ်၏၊ ဘုရားကျောင်းဆောင်ထဲ၌ ဗုဒ္ဓဆင်းတု အပြင် အရိမေတ္တေယျနှင့် အခြားဘုရား အလောင်းရုပ်တုများ သာဝကရဟန္တာ ရုပ်တုများရှိ၏၊ ကျောင်းတိုက်အရွယ်ပမာဏကို လိုက်၍ သံဃာအပါး သုံးဆယ်မှ သုံရာအထိ သီတင်းသုံးကြ၏၊ တရုတ်ရဟန်းများသည် တစ်နေရာ၌ အတည်တကျမနေဘဲ အများအားဖြင့် လှည့်လည်သွားလာနေတတ်ကြ၏၊

အသက် ၁၇ နှစ်၌ အဆင့်သုံးဆင့်ဖြင့် ရဟန်းပြုကြ၏၊ ရှေးဦးပထမ ရှင်သာမဏေ ပြု၍ နောက်တစ်ရက် နှစ်ရက်ခန့်ကြာသောအခါ ရဟန်းအဖြစ်သို့ကူးပြောင်းပြီး ၀ိနည်းသိက္ခာပုဒ်များ စောင့်ထိန်းကြ၏ ၊ နောက်ဆုံးအဆင့်၌ ဦးခေါင်းကို သုံးနေရာမှ ၁၈ နေရာထိ မီးရှို့ ၍ ဗောဓိသတ္တ ပဋိညာဉ်ကို ခံယူကြ၏၊ ဤဓလေ့သည် အိန္ဒိယပြည်မှ ကူးစက်လာဟန်ရှိ၍၎င်းအတိုင်း လိုက်နာပြုကျင့်သော ပုဂ္ဂိုလ်သည်သာ ဘုရားလောင်းအစစ် ဖြစ်သည်ဟု ယုံကြည်ကြ၏၊ တရုတ်ရဟန်းတို့သည် ဆွမ်းမခံကြချေ၊ အစာအာဟာရမှာ သက်သတ်လွတ်ဖြစ်၍ တစ်နေ့လျှင် သုံးထပ်စားကြ၏၊ သံဃာ၏ စားဝတ်နေမှုအတွက် လယ်မြေများမှ ၀င်ငွေရ၍ လယ်မြေများထိန်းသိမ်းကြီးကြပ်ရာ၌ လူပုဂ္ဂိုလ်အဖွဲ့က ကူညီကြ၏။ ရဟန်းတို့သည် နေ့စဉ်သုံးကြိမ် ဘုရားဝတ်ပြု၍ ဥပုသ်နေ့များ၌ ပါတိမောက်ရွတ်ဆိုနေကြ၏၊ ဗုဒ္ဓ ဗောဓိသတ္တနှင့် ရဟန္တာတို့၏ မွေးနေ့များကို ကျင်းပကြ၏. အမျိုးသား ရိုးရာနတ်ပူဇော်ပွဲ ရာသီပွဲနှင့် မင်္ဂလာပွဲများ၌ ပါဝင်ဆောင်ရွက်ကြ၏၊

ဗုဒ္ဓ၀ါဒသည် တရုတ်ပြည်သို့ ရှေးပဝေသဏီမှစ၍ ပျံ့နှံ့ ပြီးလျှင် လူထုဘာသာဝါဒ ဖြစ်လာသော်လည်း လူတို့၏ နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ခြင်းမရှိခဲ့ချေ၊ အကြောင်းမူ ဗုဒ္ဓ၀ါဒ ရောက်လာသောအခါ တရုတ်တို့မှာ လိမ္မာယဉ်ကျေးမှု ရှိပြီးဖြစ်၍ တာအိုနှင့် ကွန်ဖြူးရှပ်ဝါဒများကို လက်ခံပြီးဖြစ်ကြ၏၊ ထို့အပြင် တရုတ်တို့သည် လူမျိုးဗီဇအားဖြင့် လောကီကြီးပွားချမ်းသာရေးကိုသာ အာရုံစူးစိုက်သောကြောင့် ကွန်ဖြူးရှပ်ဝါဒက သူတို့စိတ်ကို ဗုဒ္ဓ၀ါဒထက် ပိုမိုဆွဲဆောင်နိုင်စွမ်းရှိပေမည်၊ တရုတ်နိုင်ငံ၌ ရှေးဟောင်းဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များ ရှိသေးသော်လည်း ဗုဒ္ဓ၀ါဒမှာ အစဉ်အလာ ယုံကြည်စွဲလမ်းမှုနှင့် ဓလေ့ထုံးစံများအကြား၌ အားနည်းလျက်ရှိ၏၊ ဗုဒ္ဓဘုရား ၀တ်ကျောင်းများသို့ သွားကြသူများသည် အများအားဖြင့် ဘုရားတ၇ား ဆင်ခြင်အောက်မေ့ရန်မဟုတ်ဘဲ လောကီစီးပွားရေးအတွက် ဗေဒင်ယတြာမေးရန် သွားရောက်ကြခြင်းဖြစ်၏ ။

ကိုရီးယားနိုင်ငံ

ကိုရီးယားနိုင်ငံသည် လေးရာစုနှင့် ငါးရာစုအတွင်းက တရုတ်ပြည်မှ ဗုဒ္ဓဘာသာနှင့် ယဉ်ကျေးမှု အတတ်ပညာများကို ရရှိ၏ ၊ ဗုဒ္ဓ၀ါဒသည် ရှစ်ရာစုအစ၌ ရောက်လာသော ကွန်ဖြူးရှပ်ဝါဒနှင့် အပြိုင်ဖြစ်လာ၏၊ ၁၃ ရာစု၌ ကွန်ဖြူးရှပ်ဝါဒ အရေးသာ၍ ဗုဒ္ဓသာသနာကို အားပေးသောဘုရင်များ ထီးနန်းစွန့်လွှတ်ကြရပြီး မြို့ကြီးများရှိ ဘုန်းကြီးကျောင်းအားလုံး ပိတ်ထားရ၏၊ သို့ရာတွင် နောက်နှစ်ပေါင်း အတန်ကြာသောအခါ ဗုဒ္ဓဘာသာကို အားပေးသောဘုရင်များ ထီးနန်းစွန့်လွှတ်ကြရပြီး မြို့ကြီးများရှိ ဘုန်းကြီးကျောင်းအားလုံး ပိတ်ထားရ၏၊ သို့ရာတွင် နောက်နှစ်ပေါင်း အတန်ကြာသောအခါ ဗုဒ္ဓဘာသာ ပြန်လည်ရှင်သန်လာ၍ ၁၆ ရာစုအတွင်းက ဂျပန်စစ်တပ်ကို ခုခံတွန်းလှန်ရာ၌ ရဟန်းသံဃာများ ပါဝင်ကြသည်ဆို၏၊ စစ်ပြီးခေတ်၌မူ မြောက်ကိုရီးယားမှာ ကွန်မြူနစ်နိုင်ငံဖြစ်၍ ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားရန် အလားအလာ မရှိချေ၊ တောင်ကိုရီးယားမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသော်လည်း ခရစ်ယာန်ဘာသာနှင့် အပြိုင်ဖြစ်နေသောကြောင့် ဗုဒ္ဓဘာသာ၏ စည်ပင်ပြန့်ပွားမှုမှာ အရှိန်နှေးကွေးနေကြောင်း သိရ၏၊


ဂျပန်နိုင်ငံ


ဗုဒ္ဓသာသနာသည်၅၅၂ ခုနှစ်၌ ကိုရီးယားမှ ဂျပန်ကျွန်းသို့ ရောက်လာ၍ မင်းသားကြီးရှိတိုကုတိုင်းရှိ၏ လက်ထက်၌ထွန်းကားလာ၏၊ မင်းသားကြီးသည် တရုတ်နိုင်ငံသို့ ရဟန်းတော်များ စေလွှတ်၍ ဟော်ယူဂျီအရပ်၌ စေတီပုထိုးနှင့် ၀ိဟာရကျောင်းများ တည်ဆောက်၏ ၊ သာသနာကို အားပေး၍ မဟာယာနသုတ် သုံးခုကို ဖွင့်ဆိုရေးသား၏၊ ဂျပန်နိုင်ငံ၌ မဟာယာနဂိုဏ်းပေါင်း ၆၀ ကျော်ရှိ၍ ထင်ရှားသောဂိုဏ်းများမှာ တင်ဒေ ရှင်ဂုန် နီချီရင် ဂျိုဒိုရှင်ရှု နှင့် ဇင်ဂိုဏ်းများဖြစ်၏။
တင်ဒေဂိုဏ်းသည် လူတိုင်း၏ စိတ်သန္တာန်၌ ဗောဓိဥာဏ်မျိုးစေ့ ကိန်းဝပ်နေသည်။ (၀ါ ) လူတိုင်း ဘုရားဖြစ်နိုင်သည်ဟု ဟော၏၊ ရှင်ဂုန်ဂိုဏ်း၏ ခံယူချက်မှာ အိန္ဒိယသားတို့၏ ပရမတ္တ၀ါဒနှင့် များစွာမခြားနားချေ၊ အိန္ဒိယယောဂနှင့် တန္တရကျင့်ထုံးများကို လက်ခံ၍ ဂါထာမန္တရား အင်းအိုင်လက်ဖွဲ့များကိုလည်း အားပေးသောကြောင့် ထင်ရှား၏၊

နီချီရင်ဂိုဏ်းသည် ဗုဒ္ဓ၀ါဒနှင့် နိုင်ငံအစိုးရ ပေါင်းစည်းရေးကို ရှေးရှုသောဂိုဏ်းသည် အမိတာဘ ဗုဒ္ဓအား ကိုးကွယ်ဆည်းကပ်မှုကိုသာ ၎င်း၏တစ်ခုတည်းသော ကျင့်စဉ်အဖြစ် အသိအမှတ်ပြု၏၊ ဂျပန်နိုင်ငံ၌ ဗုဒ္ဓဘာသာနှင့် အပြိုင်ဖြစ်ခဲ့သော ဘာသာမှာ ရှေးပဝေသဏီကစ၍ ရှိခဲ့သော ရှင်တိုဘာသာ ဖြစ်၏၊ ဗုဒ္ဓ၀ါဒီတို့သည် မူလအစ၌ ရှင်တိုဝါဒီတို့နှင့် ပဋိပက္ခ ဖြစ်သော်လည်း ရှင်တိုနတ်များကို ဘုရားလောင်း ပြုလုပ်လိုက်ခြင်း ဖြင့် ၎င်းတို့၏ အနှောင့်အယှက်မှ ကင်းလွတ်ခဲ့၏၊ ရှင်တိုဘာသာသည် ဒုတိယကမ္ဘာစစ် မဖြစ်မီ ဂျပန်နိုင်ငံ၌ စစ်ဝါဒထွန်းကားစဉ်က နိုင်ငံအစိုးရ၏ အားပေးမှုကို ရရှိခဲ့သော်လည်း ယခုအခါ ဗုဒ္ဓဘာသာလောက် အရှိန်အ၀ါ မကြီးမားတော့ချေ။

ယနေ့မဟာယာန ဗုဒ္ဓနိုင်ငံများတွင် ဂျပန်သည် သာသနာရေးကိစ္စများကို ရှေ့တန်းမှ တက်တက်ကြွကြွ ဆောင်ရွက်နေသောနိုင်ငံဖြစ်၏၊ လူမှုဝန်ထမ်းလုပ်ငန်းများကို အားပေး၍ ၁၉၃၉ နှစ်က ဗုဒ္ဓဘာသာ လူမှုဝန်ထမ်းအဖွဲ့ပေါင်း ခုနစ်ရာခန့်ရှိ၏၊ တက္ကသိုလ်များ၌ ဗုဒ္ဓသုတေသနဋ္ဌာနများရှိ၍ တရုတ် တိဗက်နှင့် ထေရ၀ါဒ ပိဋကတ်များကို နှိုင်းယှဉ်လေ့လာကြ၏၊ ပါဠိပိဋကတ်ကို ဂျပန်ဘာသာသို့ ပြန်ုဆိုခဲ့ကြရာ အတွဲပေါင်း ၆၅ တွဲဖြင့် ပြန်ဆိုပြီးစီးပေပြီ၊
တိဗက်

အခြားဗုဒ္ဓဘာသာ နိုင်ငံများမှာကဲ့သို့ပင် တိဗက်နိုင်ငံ၌ ဗုဒ္ဓဘာသာသည် လူများစု၏ အဆင့်နိမ့် ဗုဒ္ဓဘာသာနှင့် လူနည်းစု အဆင့်မြင့် ဗုဒ္ဓဘာသာဟူ၍ နှစ်မျိုးရှိ၏၊ လူထုဗုဒ္ဓဘာသာသည် ဟိန္ဒူတန္တရ၀ါဒနှင့် ရောထွေးနေ၍ တန္တရ၀ါဒကို လက်ယာလမ်း၊ လက်ဝဲလမ်းဟူ၍ ခွဲခြားသတ်မှတ်ထား၏၊ လက်ယာလမ်းတန္တရသည် မြန်မာနိုင်ငံရှိ လောကီပညာ အထက်လမ်းနှင့်တူ၍ လက်ဝဲလမ်းတန္တရ၀ါဒမှာ လောကီပညာ အောက်လမ်းနှင့်တူ၏။

ရှေးအခါက ဘင်္ဂလားနှင့် အာသံပြည်နယ်များ၌ ပေါ်ထွန်းခဲ့သော တန္တရ၀ါဒသည် ခုနစ်ရာစု အလယ်လောက်က တိဗက်ပြည်သို့ ရောက်လာ၏၊ တန္တရမှာ ဟိန္ဒူတန္တရနှင့် ဗုဒ္ဓတန္တရဟူ၍ နှစ်မျိုးရှိသည်၊ ဗုဒ္ဓတန္တရမှာ ဟိန္ဒူတန္တရ၏ အညစ်အကြေးများမှ ကင်းစင်သည်ဟု တိဗက် ဗုဒ္ဓစာပေ ပညာရှင်တစ်ဦးက ယူဆ၏၊ ၁၁ ရာစုခေတ်က အတိသအမည်ရှိ တန္တရဂိုဏ်းသား ရဟန်းတပါးသည် ကျမ်းစာများပြန်ဆိုခြင်း ကျောင်းများဆောက်ခြင်းစသည်ဖြင့် တိဗက်ဗုဒ္ဓဘာသာကို ပြုပြင်ခဲ့၏၊ အတိသ၏ သာသနာပြုပြင်ရေး လုပ်ငန်းများကို ရွှန်ကပခေါ် တိဗက်ရဟန်းတော်က ဆက်လက်ဆောင်ရွက်၏။ တိဗက်သာသနာ၌ ထင်ရှားသော ရွှန်ကပသည် ရဟန်းတို့အား ထေရ၀ါဒ ၀ိနည်းကျင့်သုံးစေခြင်းဖြင့် တိဗက်ဗုဒ္ဓဘာသာကို တန္တရ အညစ်အကြေးများ ကင်းစေရန် ကြိုးပမ်းဆောင်ရွက်၏၊

တိဗက်သံဃာသည် အနီဂိုဏ်း အ၀ါဂိုဏ်း အနက်ဂိုဏ်းနျင့် ကာဂျူပဂိုဏ်းဟူ၍ လေးဂိုဏ်းရှိ၏၊ ရွှန်ပက ပြုပြင်ခဲ့သော အ၀ါဂိုဏ်းသည် အထင်ရှားဆုံးဖြစ်၍ ထိုဂိုဏ်း ၌ ဒလိုင်းလားမား၊နှင့် တာရှိလာမစသော သာသနာပိုင်ကြီးများ ပါဝင်ကြ၏၊ တိဗက် လာမား ဘုန်းကြီးများ၏ အဓိကလုပ်ငန်းမှာ လူတို့အား ဘီလူးသရဲစသော မိစ္ဆာ မကောင်းဆိုးဝါးများ၏ ရန်မှကာကွယ်ရန် ပရိတ်ဂါထာ မန္တာန်များ ရွတ်ဖတ်ခြင်းဖြစ်၍

‘ ဥုမ် မဏိပါဒံ ဟုမံ’ ကဲ့သို့သော မန္တာန်များနှင့် စီရင်ထားသော အင်းအိုင် ခလှဲ့လက်ဖွဲ့များကို လူတို့ ယုံကြည်ကိုးစားကြ၏၊ ထိုသို့ တိဗက်လူထု၏ ဘာသာတရားသည် တန္တရ အညစ်အကြေးများနှင့် ရောပြွမ်းနေသော်လည်း တိဗက်ဗုဒ္ဓ၀ါဒီအားလုံးကို အထင်အမြင် မသေးသင့်ချေ၊ အချို့ တိဗက်ယောဂီတို့သည် သရဲတစ္ဆေ အစွဲချွတ်ရန် ယောဂီများကို ညအခါ တောထဲ၌ တစ်ယောက်တည်းတရားထိုင်ခိုင်း၏၊

တိဗက်ပြည်၌ တန်ခိုးအဘိညာဉ်ရသော ရသေ့ရဟန်းများရှိသည်ဟု အချို့အနောက်တိုင်းသားများ ယုံကြည်ကြ၏၊ ရှေးအခါက အနောက်တိုင်း၌ ထင်ရှားခဲ့သော သီအိုဆိုဖီအသင်းများသည် တိဗက်ပြည် ရဟန္တာများထံမှ သူတို့ရရှိသည်ဆိုသော တရားများကို ဟောပြောကြ၏၊ တစ္ဆေ သရဲ နတ်ဗြဟ္မာစသည်တို့ကို လူတို့၏ စိတ်ကူးဖန်တီးမှုအဖြစ် ပြဆိုထားသော ရှေးဟောင်းတိဗက် ကျမ်းများမှာ အနောက်တိုင်း အသိပညာရှင်များ အထူးလေ့လာသော စာအုပ်ဖြစ်၏ ။

ဗုဒ္ဓဘာသာ သိမှတ်ဖွယ်ရာ-


ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသားလိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊ ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)

ဘီစီ-၅၉၄-(မြန်မာလလို-၀ါဆိုလပြည့်၊ တနင်္လာနေ့)တွင် အိမ်ရာတည်ထောင် လူ့ဘောင်ခွါကာ တောထွက်တော်မူပါသည်။ (သက်တော် ၂၉-နှစ် အရွယ် ဖြစ်ပါသည်။)

၂၉-နှစ်မှ ၃၅-နှစ်အထိ ဒုက္ကရစရိယာ-ပင်ပန်းသောအကျင့် ကျင့်ခဲ့ရပါသည်။)
ဘီစီ-၅၈၈-(မြန်မာလလို-ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပါသည်။ (သက်တော် ၃၅-နှစ် အရွယ်ဖြစ်ပါသည်။)
၎င်းဘီစီ-၅၈၈-(မြန်မာလလို-၀ါဆိုလပြည့် စနေနေ့)တွင် ပထမဆုံးသော ဓမ္မစကြာသုတ်တော်ကို ဗာရာဏသီမြို့အနီး မိဂဒါဝုန် တောမှာ ဟောတော်မူပါသည်။

မှတ်ချက်။ ။ဗုဒ္ဓဂယာနှင့် မိဂဒါဝုန်တောသည် -၁၈-ယူဇနာ/ မိုင်အားဖြင့် -၁၄၄-မိုင် ဝေးပါသည်။

ဓမ္မစကြာတရားပွဲမှာ လူသားအနေနဲ့ ပဉ္စ၀ဂ္ဂီငါးဦးသာ ပါဝင်ပါသည်။ ၄င်းတရားပွဲမှာ အရှင်ကောဏ္ဍညသည် အရုဏ်မတတ်မီ သောတာပန်တည်ပါသည်။
နောက်ဆက်လက်ပြီး ဘုရားရှင်က-အနတ္တလက္ခဏသုတ်ကို ဟောသောအခါ ပဉ္စ၀ဂ္ဂီရဟန်းတော် ငါးဦးစလုံး ရဟန္တာ ဖြစ်တော်မူကြပါသည်။

ဘီစီ-၅၈၈-တွင် ဘုရားရှင်သည် ပထမဆုံးသာသနာပြုခရီးစဉ်ကို စတင် လုပ်ခဲ့ပါသည်။

ဘီစီ-၅၄၃-(မြန်မာလလို-ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင် သက်တော်(၈၀)၊ ၀ါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်ပြုတော်မူပါသည်။ ကဆုန်လဆုပ်(၅)ရက်၊ တနင်္ဂနွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ-
ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ၀ါတော်အနေအားဖြင့်(၄၅)၀ါအတွင်း ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီးစဉ်ဖို့ရန် ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ--

ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌ ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။ ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍ အရှင်ဥပါလိမထေရ်က ၀ိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။ ၀ါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

မှတ်ချက်။ ။ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ပထမသင်္ဂါယနာတင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E) သုန်းကာ ဗုဒ္ဓသာသနာနှစ်ကို စတင်ရေတွက်ပါသည်။ “သင်္ဂါယနာ”ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု အဓိပ္ပါယ်ရပါသည်။

ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ကို အရှင်မဟာကဿပစသော မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့ အစဉ်အလာကို အစွဲပြု၍ “ထေရိက”၊ နောက် မထေရ်အစဉ်အဆက်တို့ ထိန်းသိမ်းခဲ့သော ဗုဒ္ဓအယူဝါဒအနေအားဖြင့် “ထေရ၀ါဒသာသနာ”အဖြစ် အမည်တွင်ခဲ့ပါသည်။

ဒုတိယသင်္ဂါယနာ-
(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့၊ ၀ါဠုကာရုံကျောင်းမှာ ဒုတိယသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်သည် အရှင်ယသဖြစ်ပါသည်။ အရှင်သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တမထေရ်တို့က အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင် သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသောဒကာသည် ကာလာသောကမင်းဖြစ်ပါသည်။

တတိယသင်္ဂါယနာ-
(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊ အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပမထေရ်နှင့် ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူဆောင်ရွက်ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါသည်။ ဤသံင်္ဂါယနာတင်ပွဲ၌ ၀ိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီးဖြစ်ပါသည်။ ဤတတိယသင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့သို့ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်နှင့် အသောကမင်းကြီးတို့ တာဝန်ယူကာ သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ-
၁။ ကသ္မီရနှင့်ဂန္ဓာရအရပ်=အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။
၂။ မဟိံသကအရပ်=အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။
၃။ ၀န၀ါသိအရပ်= အရှင်ရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၎။ အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၅။ မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၆။ ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။
၇။ ဟိမ၀န္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။
၈။ သုဝဏ္ဏဘူမိအရပ်= အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ ဦးဆောင်ကာကြွ။
၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်=အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-
(B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်၊ မလယဇနပုဒ်၊ အာလောကလှိုဏ်တွင် စတုတ္ထသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ်ဖြစ်၍ အဖွဲ့ဝင်ဆရာတော်အရေအတွက်သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာတင်ခဲ့ကြပါသည်။ အထောက်အပံ့ပေးသောဒကာသည် ၀ဋ္ဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထသင်္ဂါယနာတွင် ပိဋကတ်တော်များကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာတင်ခဲ့ကြပါသည်။

နိုင်ငံများနှင့် ဗုဒ္ဓသာသနာရောက်ရှိပုံ-

ဗုဒ္ဓဘာသာနှင့်မြန်မာနိုင်ငံ-
မြန်မာနိုင်ငံမှာ 3rd Century A.D-တွင် ဗုဒ္ဓသာသနာ စတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့တရုတ်နိုင်ငံ-
တရုတ်နိုင်ငံမှာ 1st Century A.D-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနဲ့ ဗီယက်နမ်နိုင်ငံ-
ဗီယက်နမ်နိုင်ငံမှာ A.D 189-တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။ တရုတ်မှ တဆင့်ရောက်ရှိခြင်း ဖြစ်ပါသည်။

ဗုဒ္ဓဘာသာနှင့် ကိုရီးယားနိုင်ငံ-
ကိုရီးယားနိုင်ငံမှာ A.D 372-နှစ်တွင် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ဂျပန်နိုင်ငံ-
ဂျပန်နိုင်ငံသို့ A.D ၅၅၂၊ သာသနာတော်နှစ် -၁၀၉၅-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ကမ္ဘောဒီယားနိုင်ငံ-
ကမ္ဘောဒီးယားနိုင်ငံသို့ A.D -၅-ရာစုတွင့် ဗုဒ္ဓဘာသာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ထိုင်းနိုင်ငံ-
ထိုင်းနိုင်ငံသို့ A.D -၆-ရာစု၊ သာသနာတော်နှစ် -၁၃၀၀-တွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် အင်ဒိုနီးရှားနိုင်ငံ-
အင်ဒိုနီးရှားနိုင်ငံသို့ A.D -၆-ရာစုတွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် တိဗက်နိုင်ငံ-
တိဗက်နိုင်ငံသို့ A.D -၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

ဗုဒ္ဓဘာသာနှင့် ရုရှားနိုင်ငံ-
ရုရှားနိုင်ငံသို့ A.D -၁၇-ရာစုတွင် ဗုဒ္ဓသာသနာစတင်ရောက်ရှိပါသည်။

အိန္ဒိယနိုင်ငံနှင့် ဗုဒ္ဓသာသနာ-
အိန္ဒိယနိုင်ငံတွင် A.D -၆-ရာစုလောက်ကစပြီး ဗုဒ္ဓသာသနာ တဖြေးဖြေး ကွယ်ပျောက်သွားခဲ့ပါသည်။

မြန်မာနိုင်ငံ ပုဂံဗုဒ္ဓသာသနာ-
မြန်မာနိုင်ငံ ပုဂံသို့ A.D -၁၁-ရာစုလောက်တွင် ဗုဒ္ဓသာသနာရောက်ရှိပါသည်။ အရှင်အရဟံနှင့် အနောရထာမင်းကြီးတို့ ဦးစီးကာ မြန်မာပြည်ဗုဒ္ဓသာသနာ ပိုမိုစည်ပင်ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ကြပါသည်။

ပဉ္စမသင်္ဂါယနာ-
A.D -၁၈၇၁/ ဗုဒ္ဓသာသနာတော်နှစ် -၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်၊ တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမကျောင်းတိုက်ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး ဖြစ်ပါသည်။
ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ်ရေ-၇၂၉-ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင်ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့် (၁၄) ရက်ကြာပါသည်။

ဗုဒ္ဓသာသနာတော်အလံနှင့် သမိုင်း-
A.D -၁၈၈၀-ခုနှစ်တွင် ဗုဒ္ဓသာသနာ့အလံကို အမေရိကန်နိုင်ငံသား စစ်ဗိုလ်ကြီး -Henry Steel Olcott-က စတင် တီထွင်ခဲ့ခြင်းဖြစ်ပါသည်။

အင်္ဂလန်နိုင်ငံ၌ ပထမဆုံးသော ဗုဒ္ဓသာသနာ့အဖွဲ့အစည်း-
A.D -၁၈၈၁-ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင်-ပါဠိကျမ်းစာအဖွဲ့အစည်း-ဆိုပြီး ပထမဆုံးသော ပိဋကတ်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံတွင် စတင်ပေါ်ပေါက်ခဲ့ပါသည်။ တည်ထောင်သူမှာ -T.W. Rhys Davids- ဖြစ်ပါသည်။ သူသည် မူရင်း ခရစ်စ်ယာန်ဘာသာဝင်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာ အိန္ဒိယနိုင်ငံတွင်ပြန်လည်မွေးဖွားခြင်း-
A.D -၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံမှ အနာဂါရိကဓမ္မပါလသူတောင်စင်ကြီးဦးဆောင်ကာ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ မဟာဗောဓိအဖွဲ့အစည်းဆိုပြီး ဗုဒ္ဓဘာသာ ပြန်လည်တည်ထောင်ပါသည်။
A.D -၁၉၅၆-ခုတွင် အိန္ဒိယနိုင်ငံသား Dr. B.R Ambedkar-ဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့ပါသည်။ ၁၉၅၆-ခု၊ အောက်တိုဘာ -၁၄-ရက်တွင် အိန္ဒိယနိုင်ငံသား (၁)သန်းခန့် ဗုဒ္ဓဘာသာအဖြစ်သို့ ကူးပြောင်းကြပါသည်။

ဆဋ္ဌသင်္ဂါယနာ-
A.D ၁၉၅၄-၅၆/ ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၈-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-ခု၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏလှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင်ဆရာတော်မှာ ညောင်ရမ်းဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်သောမထေရ်များမှာ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့ ဖြစ်ပါသည်။

အဖွဲ့ဝင်ဆရာတော်အရေအတွက်မှာ ထေရ၀ါဒ (၅)နိုင်ငံ (သီရိလင်္ကလာ၊ မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီယား)တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။ အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူအညီများ ပေးကြပါသည်။ အထောက်အပံ့ဒကာမှာ ၀န်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ ဖြစ်ပါသည်။

မှတ်ချက်။ ။ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊ ဋီကာများကိုပါ ပြန်လည် စစ်ဆေးဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံနှင့် ၀ိပဿနာ-
A.D -၁၉၆၅၊ ဗုဒ္ဓသာသနာတော်နှစ် -၂၅၁၂-ခုနှစ်တွင် ဆရာကြီးဦးဂိုအင်ကာဦးဆောင်ပြီး အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ ၀ိပဿနာတရား ပြန်လည် အမြစ်တွယ်အောင် လုပ်ဆောင်ပါသည်။

ပထမဆုံးသော ဗုဒ္ဓဘာသာဝက်ဘ်ဆိုက်-
A.D -၁၉၉၈-မေလတွင် Nibbana.com-ဟူသော ပထမဆုံးဗုဒ္ဓဘာသာဝက်ဘ်ဆိုက်ကို အင်္ဂလန်နိုင်ကနေ ဖန်တီးနိုင်ခဲ့ပါသည်။

အာဖစ်ဂန်နစ်တန်မှ (Bamiyan)ဗမီယန်ဗုဒ္ဓဆင်းတုတော်-
(A.D-၂၀၀၁၊ မတ်လတွင် အာဖစ်ဂန်နစ်တန်မှ ကမ္ဘာ့အံဖွယ်ရပ်တော်မူ ဗုဒ္ဓဆင်းတုတော်ကို အစွန်းရောက်-မူဆလင်ဘာသာဝင် တာလီဘမ်တို့၏ ကမ္ဘာအရပ်ရပ်ကဝိုင်းဝန်းကန့် ကွက်နေသည့်ကြားကဗုံးဖေါက်ခွဲ၍ဖျက်ဆီးခြင်းကို ခံခဲ့ရပါသည်။)

မှာပါရစေ။ ။အထက်ပါဗုဒ္ဓ၀င်(သို့) ဗုဒ္ဓဘာသာအကြောင်းသိကောင်းစရာအကျဉ်းသည် မေမေ့လပြည့်ဝန်းလေး စုစည်းထားသော ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အချက်အလက်များကို တင်ပြခြင်းဖြစ်ပါသည်။ တချို့နေရာများမှာ မူကွဲ စသည်အားဖြင့် ကွဲလွဲနေခြင်း ရှိကောင်း ရှိနိုင်ပါသည်။ အခုမေမေ့လပြည့်ဝန်းလေး တင်ပြတဲ့မူသည် ထေရ၀ါဒမထေရ်များ လက်ခံထားသော ဘီစီ၊ အေဒီနှစ်များဖြစ်ပါသည်။
ကိုးကား--
ဝိနည်းစူဠ၀ါပါဠိတော်
ပါရာဇိကဏ္ဍအဋ္ဌကထာ
မဟာဝံသ
စူဠ၀ံသ
ဦးသာမြတ် “Buddhism in Southeast Asia”
www.nibbana.com
(က) ကိုးကွယ်မှု = အားကိုးလျှင် - ကာကွယ်ပေးခြင်း

(အမှား) - ကြောက်ရွံ့မှု (ကမ္ဘာဦးအစ ကပ်ဘေးများကြုံ)၊ဆုလာဒ်ရလိုမှု (သားဆုပန်၊ လာဘ်လာဘလိုချင်) ကြောင့် မသိမမြင်၊ အကြောင်းအကျိုး မမှန်တာလုပ်သော မှားယွင်းသောအယူ။

(အမှန်) - အကြောင်းအကျိုး မှန်ကန်မှုရှိသော ကိုးကွယ်မှုဆိုလျှင် ခွန်အားမျှ ဖြစ်သည်။

(ခ) ဘာသာ = စကား၊ အပြော၊ အယူဝါဒ

ကမ္ဘာပေါ်တွင် ဘာသာကြီးလေးမျိုးအနက်မှ ဟိန္ဒူဘာသာသည် ပထမဦးဆုံးပေါ်လာသည့် ဘာသာ ဖြစ်ပြီး စပေါ်သည့် ခုနှစ်မသိရသော်လည်း ဘီစီ ၁၃၀၀ ခန့်တွင် စတင်သည်ဟုခန့်မှန်းကြပါသည်။ ဗုဒ္ဓဘုရားအလောင်းသည် (ခရစ်တော်မပေါ်မီ) (၆၂၃ ခုနှစ်) မှာမွေးခဲ့သည်။ယေရှုခရစ် (ခရစ်ယန်ဘာသာ)ထက် နှစ်ပေါင်း ၅၀၀ နီးပါး၊ မိုဟာမက် (အစ္စလာမ်ဘာသာ) ထက် (၁၁၇၀) နှစ်စောပြီး မွေးခဲ့သည်။

(ဂ) သာသနာ = အဆုံးအမ

- ပဋိယတ္တိသာသနာ = စာသင်၊ ဟောပြော၊ ဆွေးနွေး

- ပဋိပတ္တိသာသနာ = စာအသိ၊ အပြောအသိကို ခန္ဓာကိုယ်တွင်း ရှုမှတ်

- ပဋိဝေဓသာသနာ = ခန္ဓာတွင်း ရှုမှတ်ကျင့်လို့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အကျိုးရ

(ဃ) ကျေးဇူး = မိမိနှင့်အများအတွက် အကျိုးရှိစေသော ဆောင်ရွက်ချက်

- အများဆိုင်ရာ ကျေးဇူးရှင် = ဘုရား၊ တရား၊ သံဃာ

- မိမိဆိုင်ရာ ကျေးဇူးရှင် = မိဘ၊ ဆရာ

(င) ပုံတော်နှင့်ဂုဏ်တော်

ပုံတော် = (မျက်စိမြင်) (ပျက်စီးနေ) (-)

        (တစ်ခဏ) (အကာ)

ဂုဏ်တော် = (ဥာဏ်မြင်) (တိုးတက်နေ) (+)

        (ထာဝရ) (အနှစ်)

(စ) ပါရမီ = မြင့်မြတ်သူတို့ ဖြည့်စွမ်းရသောအလုပ် (Noble deed, Noble task)

(ယခုဖြည့်ချင် ယခုဖြည့်လို့ရ၊ မြင့်မြတ်စိတ်ထားပြီး ဖြည့်ရန်သာလို)


ရှင်တော်ဂေါတမ၏ မဟာဗုဒ္ဓ၀င်အနှစ်ချုပ်

(က) ရသေ့ဖြစ်ခြင်း

သုမေဓာရှင်ရသေ့ဘ၀မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၄င်းမိဘနှစ်ပါးသေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှ သေဆုံးလို့ ဘာမျှ ပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့်လွှတ်လှူဒါန်းပြီး ရသေ့ဘ၀ပြောင်း တရားကျင့်ခဲ့သည်။

(ခ) ဆန္ဒာဓိပတိ

ဘုရားအလောင်း သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့ သတ္တ၀ါများအား လမ်းညွှန် (ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန် လေသည်။ (ကိုယ့်အတွက်မကြည့်၊ အများအကျိုးအတွက်သာ ဆောင်ရွက်လိုသော ဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)

(ဂ) ဗျာဒိတ်ယူခြင်း

ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘ၀မှစပြီး ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။ (တစ်ကမ္ဘာသည် မရေတွက်နိုင် အောင်ကြာလှပြီး အသင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်)။

(ဃ) ပါရမီ (ဆယ်ပါး - အပြားသုံးဆယ်)

   1. ဒါန (ဒါ) = ပေးလှူခြင်း
   2. သီလ (သီ) = ကိုယ်နှုတ်စောင့်ထိန်းခြင်း
   3. နေက္ခမ္မ (တော) = ကိလေသာတောမှထွက်ခြင်း
   4. ပညာ (ပ) = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း
   5. ၀ီရိယ (အား) = အားစိုက်ကြိုးစား လုံ့လရှိခြင်း
   6. ခန္တီ (ခံ) = သည်းခံခြင်း
   7. သစ္စာ (ဖြောင့်) = ဖြောင့်မတ်/မှန်ကန်ခြင်း
   8. အဓိဋ္ဌာန် (ဋ္ဌာန်) = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ
   9. မေတ္တာ (ပွား) = စင်ကြယ်သောချစ်ခြင်း
  10. ဥပေက္ခာ (လစ်လျူ) = လျစ်လျူရှုခြင်း/အသင့်အားဖြင့် ရှုခြင်း

မူလပါရမီ (၁၀) ပါး

(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သား၊ သမီးပါမကျန်ဖြည့်ခြင်း)
[ပြင်ဆင်ရန်​] ဥပပါရမီ (၁၀) ပါး

(စည်းစိမ် + ဇနီး၊ သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပါဖြည့်ခြင်း)
[ပြင်ဆင်ရန်​] ပရမတ္ထပါရမီ (၁၀) ပါး

(အသက်ကိုပါမကျန် ဖြည့်ခြင်း)

(င) ပါရမီဖြည့်ပုံ

   1. ကြာမြင့်လှစွာသောအချိန်
   2. မရပ်မနား
   3. ချန်မထားဘဲ
   4. ရိုရိုသေသေ
   5. ပျော်ပျော်ကြီးဖြည့်

(စ) တိတိကျကျသေသေချာချာပွင့်တော်မူခြင်း

(၁) ပါရမီဖြည့်တာ တိကျသေချာ

(၂) မွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့)

(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေ၀ီ)

(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီဥယျာဉ်)

(၅) လူသားအစစ်ဖြစ်ခြင်း

(၆) မွေးမွေးခြင်းဘုရားမဖြစ် ၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်။)

(၇) ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့)

(၈) ဘုရားပွင့်သည့်နေရာ (ဗုဒ္ဓဂါယာ)

ဗုဒ္ဓနှင့်ဆိုင်သောနေ့များ
ကဆုန်လပြည့် (၅) နေ့

(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့)

(ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီ ကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊ တည်တံ့၊ ပွားများ နိုင်ရန်)

ဝါဆိုလပြည့် (၅) နေ့

(၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)

(၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)

(၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)

(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)

(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)

(သာသနာဝင်များသည် ၀ါဆိုလပြည့်နေ့၏ အဓိပ္ပယ်ကို လေးလေးနက်နက် နားလည်သင့်ပေသည်။)


သီတင်းကျွတ်လပြည့်နေ့

   1. ဘုရားရှင်သည် မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလလုံးအဘိဓမ္မာတရား ဟောကြားခြင်း
   2. မိဘအားကျေးဇူးဆပ်အပြီး လူ့ပြည်ဆင်းစဉ် လူသားများဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့် ကန်တော့ကြသည်။ ဗုဒ္ဓအလိုတော်ကျမှာ

    * အဘိဓမ္မာတရားတော် ပြန့်ပွားနားလည်အောင်လုပ်ရန်
    * မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ်ကန်တော့ရန်

(လွန်ကဲသော မီးထွန်းခြင်း၊ ဥပမာ - အိမ်သာမကျန် နှင့် ဗျောက်အိုးနှင့် မီးရှူးမီးပန်းများဖောက်ကြခြင်းသည် မိမိတို့၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။)
[ပြင်ဆင်ရန်​] တပို့တွဲလပြည့်နေ့

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော ‘ပထမသံဃသန္နိပါတ’ ပထမဆုံးသံဃာ့အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား သြ၀ါဒပါတိမောက် ချီးမြှင့်သောနေ့ဖြစ်ပြီး လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာနှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့အား ရာထူးအပ်နှင်း သောနေ့ဖြစ်သည်။
[ပြင်ဆင်ရန်​] သြ၀ါဒပါတိမောက်

အနှစ်ချုပ်မှာ -

(၁) လွန်စွာ ချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည် အလွန်မြင့်မြတ်သော အကျင့်ပေတည်း။

(၂) မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။

(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။
[ပြင်ဆင်ရန်​] ဓမ္မစကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့် ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ် ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့် ၄င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇ္စျိမပဋိပဒါ’ (ခေါ်) မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

သစ္စာတရား (Universal Truth)

အစဉ်ထာဝရမှန်ကန်သောအမှန်တရား

(က) Person ပုဂ္ဂိုလ်မရွေး

(ခ) Place နေရာမရွေး

(ဂ) Time အချိန်မရွေး မှန်ကန်မှသာ သစ္စာတရားဖြစ်သည်။
[ပြင်ဆင်ရန်​] ဗုဒ္ဓသာသနာအနှစ်ချုပ်

သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။

(က) သိ = ဒုက္ခသစ္စာ (ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ လိုလို့ ဆင်းရဲခြင်း)

(ခ) ပယ် = သမုဒယသစ္စာ (ဒုက္ခဖြစ်ပေါ်စေသော အကြောင်းတရား-လောဘ)

(ဂ) ဆိုက် = နိရောဓသစ္စာ (ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း-နိဗ္ဗာန်)

(ဃ) ပွား = မဂ္ဂသစ္စာ (နိရောဓသို့ ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)

၁။ သမ္မာဒိဋ္ဌိ = မှန်ကန်စွာ မြင်ခြင်း

၂။ သမ္မာသင်္ကပ္ပ = မှန်ကန်စွာ ကြံစည်ခြင်း

၃။ သမ္မာဝါစာ = မှန်ကန်စွာ ပြောဆိုခြင်း

၎။ သမ္မာကမ္မန္တ = မှန်ကန်စွာ ပြုမူခြင်း

၅။ သမ္မာအာဇီဝ = မှန်ကန်စွာ အသက်မွေးခြင်း

၆။ သမ္မာဝါယာမ = မှန်ကန်စွာ အားထုတ်ခြင်း

၇။ သမ္မာသတိ = မှန်ကန်စွာ အောက်မေ့ခြင်း

၈။ သမ္မာသမာဓိ =မှန်ကန်စွာ တည်ကြည်ခြင်း

မဂ္ဂင်ရှစ်ပါးကို ချုံ့လျှင် သီလ - သမာဓိ - ပညာ သိက္ခာသုံးပါးရပြီး ၄င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။ ဗုဒ္ဓ၏ နိဗ္ဗာန် ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း မဟာသတိပဋ္ဌာန်တရားဖြစ်သည်။ (သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်တိုင်)

ကုသိုလ်ကောင်းမှု (၄) မျိုး

၁။ ဒါန (စွန့်လွှတ် - လှူဒါန်း)

၂။ သီလ (ကာယ + ၀စီ ထိန်းသောစည်းကမ်း)

၃။ သမထဘာဝနာ (ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်းကိုသာ ရှုခြင်း)

၎။ ၀ိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ကိုရှုခြင်း)

    * ဒါန မူလတန်း လူတော် (ကံလမ်း)
    * သီလ အလယ်တန်း လူကောင်း
    * သမထဘာဝနာ အထက်တန်း လူမှန်
    * ၀ိပဿနာဘာဝနာ တက္ကသိုလ် လူမြတ် (ဉာဏ်လမ်း)

မှတ်ချက်

    * ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မီ ကာလများစွာကပင် ရှိခဲ့ပေသည်။
    * လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။
    * ဘုရားပွင့်လာရခြင်းသည် သတ္တ၀ါများအားလုံး ဒုက္ခဆင်းရဲအပေါင်းမှ လွတ်မြောက်စေနိုင်သော ၀ိပဿနာရှုမှတ်ပွားများနိုင်စေရန် လမ်းညွှန်ပေးရန် ဖြစ်ပြီး ဒုက္ခသစ္စာမှလွတ်မြောက်ပြီး နိရောဓသစ္စာ (နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်သော ဉာဏ်အကျိုးပေး ကို ညွှန်ပြပေးရန် ဖြစ်သည်။

သာသနာ (၃) ရပ်

ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။

၁။ ပဋိယတ္တ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊ သင်ကြားခြင်း)

၂။ ပဋိပတ္တ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့ မိမိဥာဏ်ဖြင့် ရှုမှတ်ပွားများလေ့ကျင့်ခြင်း)

၃။ ပဋိဝေဓသာသနာ (ပဋိယတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘော တရားများ သိမြင်လာပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုအကျိုးရရှိခြင်း)

မှတ်ချက် ဘုရားသာသနာ သုံးရပ်တွင် - သာသနာပြုရန် ပံ့ပိုးခြင်း၊ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့် အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိနှင့် ပဋိပတ္တိသာရှိပေသည်။ (ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။)

ဘုရားဂုဏ်တော် (၉) ပါး

(၁) အရဟံ

    * အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။

    * အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။

    * အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။

(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။

(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။

(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း^သွားခြင်း)

(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)

(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။

(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။

(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။

(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။


တရားဂုဏ်တော် (၆) ပါး

(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။

(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။

(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။

(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။


သံဃာ့ဂုဏ်တော် (၉) ပါး

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။

(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။

(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။

(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။

(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။

(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။

(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း။

(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။

(၉) လယ် = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

သရဏဂုံပျက်သူ

(၁) သေဆုံးသူ

(၂) အခြားဘာသာသို့ ကူးပြောင်းသူ

(၃) ကိုးကွယ်မှုမှားယွင်းသူ

(ဥပမာ - ဘုရားအဆုံးအမတွင် မပါသော သစ်သီးအမျိုးမျိုးကိုလည်းကောင်း၊ မခိုင်မာသည့်ရုပ်ပုံ၊ ပန်းပုများကိုလည်းကောင်း၊ မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)
[ပြင်ဆင်ရန်​] သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်သူ)

- ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီး ရတနာသုံးပါးတို့၏ အဆုံးအမကိုသာ လိုက်နာကျင့်သုံးနေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေ သည်။

Monday 2 May 2011

ဗုဒ္ဓဘာသာ နှင့် ထိုင်းနိုင်ငံ




ဗုဒ္ဓ၀ါဒသည် အိန္ဒိယပြည်၌ တစ်စ တစ်စ မှေးမှိန်ကွယ်ပျောက်ပြီးနောက် အာရှတိုက်မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းသို့ ပြန့်သွား၏ ၊ ထိုသို့ ပြန့်ပွားခြင်းမှာ ပဓာနအားဖြင့် အိန္ဒိယနှင့် ဒေသခံ ဗုဒ္ဓသာသနာပြု ရဟန်းတော်တို့၏ ကြိုးပမ်း အားထုတ်မှုကြောင့်ဖြစ်၏ ။ ပင်လယ်ရပ်ခြား တိုင်းတပါး၌
ဗုဒ္ဓ၀ါဒသည် ပတ်ဝန်းကျင်နှင့် ခေတ်ကာလ အမျိုးမျိုးတို့ကို ဖြတ်သန်းခဲ့ရသော်လည်း သွေးထက်သံယိုဖြစ်မှု လုံးဝမရှိဘဲ အောင်မြင်ခြင်းသည် ဗုဒ္ဓသာသနာ သမိုင်း၏ ထူးခြားသော လက္ခဏာဖြစ်၏ ၊
ဤအချက် ရှေးဗုဒ္ဓ၀ါဒ သမိုင်းကို အခြားကမ္ဘာ ဘာသာဝါဒ သမိုင်းများနှင့် နှိုင်းယှဉ်လေ့လာပါက ပိုမိုထင်ရှားပေမည်။

ဗုဒ္ဓ၀ါဒီတို့သည် ဓားလက်နက်ဖြင့် သာသနာပြုခြင်း ၊ဘာသာမတူသောသူတို့အား ဖိနှိပ်ခြင်း ဘာသုရေး စစ်ပွဲများ ဆင်နွှဲခြင်းစသော ကမ္ဘာ့သမိုင်း တစ်လျှောက်၌ ဘာသာတရားကို ခုတုံးလုပ်၍ လူတို့ ကျူးလွန်ခဲ့ကြသည့် ပြစ်မှုများမှ ကင်းလွတ်ခဲ့ကြပေသည်။

ထိုင်းနိုင်ငံ

အထူးထင်ရှားသော သာသနာပြု ( ထိုင်း ) ဘုရင်မှာ မောင်းကွတ် (၁၈၅၁-၆၈) မင်းဖြစ်၏ ၊ ထိုမင်းသည် နန်းတက်သောအခါ ၂၆ ၀ါ ရ ရဟန်းလူထွက်ဖြစ်၍ နိုင်ငံရေး သာသနာရေး ကိစ္စများ၌ အမြော်အမြင်ရှိသော မင်းအဖြစ်ထင်ရှား၏၊ ပိဋကတ်စာပေကို လေ့လာ ဆန်းစစ်၍ ဇာတကများသည် ဘုရားဟော မဖြစ်နိုင်ဟု ဆို၏။

နိုင်ငံခြား ဘာသာဝါဒများကို လေ့လာ၍ ခရစ်ယာန် သာသနာပြုများနှင့် တရားဆွေးနွေး လေ့ရှိ၏ ၊ ဗုဒ္ဓလမ်းစဉ်ကို တိတိကျကျ လိုက်နာသော သံဃာအဖွဲ့ ဖွဲ့စည်း၍ ၀ိနည်းသိက္ခာပုဒ်ကို မလေးစားသော ရဟန်းတို့ကို အာဏာစက်ဖြင့် နှိပ်ကွပ်၏၊ ဗုဒ္ဓစာပေ ပညာရှင်တို့အား ပါဠိကို မသုံးဘဲ ထိုင်းစာဖြင့် ရိုးရိုးရှင်းရှင်း ရေးစေ၏၊

သူ၏သားတော် စူဠလွန်ကွန် (၁၈၆၈-၁၉၁၁) သည်လည်း သာသနာကို အားပေးချီးမြှင့်သော မင်းဖြစ်၏၊ ကမ္ဘောဒီးယား အက္ခရာဖြင့်ရှိသော ပိဋကတ်ကို ထိုင်းအက္ခရာဖြင့် ပုံနှိပ်၍ အနောက်နိုင်ငံ စာကြည့်တိုက်များသို့ လှူဒါန်း၏၊

ထိုင်းသံဃာသည် ရှေးဟောင်းသံဃာနှင့် ဓမ္မယုတ္တိ သံဃာဟူ၍ ဂိုဏ်းနှစ်ဂိုဏ်းရှိ၏၊ မောင်းကွတ်ဘုရင် တည်ထောင်၍ ဘုရင်အဆက်ဆက် ကိုးကွယ်သော ဓမ္မယုတ္တိဂိုဏ်းသည် ၀ိနည်းတရားကို ရိုသေလေးစား ရာ၌ထင်ရှား၏၊ ဘုရင်ခန့်ထားသော သာသနာပိုင်နှင့် သံဃာဦးစီးအဖွဲ့သည် ကျောင်းထိုင်ဆရာတော်တို့၏ အကူအညီဖြင့် သာသနာရေး ကိစ္စများကို စီမံကြီးကြပ်ရ၏ ။

ညအလင်းမီးတို့ နှင့် ရွှေတိဂုံဘုရား